လျှပ်စစ်၏
သမိုင်းကြောင်းခပ်တိုတိုလေး-
လျှပ်စစ်ကပြောပါတယ်
ယနေ့ကမ္ဘာကို အကောင်းဆုံးဖန်တီးပေးခဲ့တာကတော့ သူပါတဲ့။ ခရီးသွားလုပ်ငန်းမှာလား ၊ ထမင်းချက်တဲ့နေရာမှာလား၊
ဆက်သွယ်ရေးလား၊ ဘယ်နေရာမဆိုပေါ့၊ သူရှိမှ ပြည့်စုံတယ်ဆိုပါသတဲ့။ အဲ ကျနော်တို့ မီတာဘေလ်ဆောင်တဲ့
ရုံးမှာရှိတဲ့ လျှပ်စစ်ကတော့ ပိုပြီးဝံကြွားပါတယ်။ “လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်မည်”
ဆိုပြီး နဖူးမှာ စာလုံးအကြီးကြီးနဲ့ဗျ။ တကယ်တကယ်လည်း လျှပ်စစ်က ကျနော်တို့ လူမှုဘဝမှာ
essential တစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းအသိပါ။ ဒါပေမယ့် ဖုန်းဘီလ်ကို ကျနော်တို့ တစ်လ
သောင်းဂဏန်းအကုန်ခံနိုင်ပေမယ့် essential လျှပ်စစ်အတွက် ကုန်ကျစရိတ်ပါးပါးပေးရမှာကြတော့
လက်တွန့်နေသလိုပါ။
လျှပ်စစ်ဓာတ်ဆိုတာ
subatomic particles လို့ခေါ်တဲ့ အမှုန်များထဲမှ ဓာတ်တစ်မျိုးပါ။ အဲဒီအမှုန်လေးတွေ ရွေ့လျားပြေးသွားခြင်းဖြင့်
လျှပ်စစ်စီးကြောင်းတစ်ခုဖြစ်ပေါ်ပါတယ်။ လျှပ်စစ်နှင့်ဆက်စပ်ပြီး စပြောရမယ်ဆိုရင်ဖြင့်
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်လောက်ကတည်းက လျှပ်စစ်ငါးဆိုတာရှိမှန်း သိခဲ့ပါတယ်။
အချို့ပစ္စည်းတွေ ဥပမာ ပယင်းကျောက်တုံးကို ပွတ်တိုက်ကြည့်ခြင်းဖြင့် တည်ငြိမ်လျှပ်စစ်ကိုထုတ်နိုင်ခဲ့တယ်ဆိုတာလည်း
နှစ်ပေါင်း ၂၅၀၀ ကျော်လောက်ကပါ။ ပုံပြင်ဆန်ဆန်ပြောရရင်တော့ ဟိုရှေးရှေးတုန်းက ဂရိလူမျိုးတွေက
သားမွေးပွအကျီတွေကို ဝတ်ဆင်ကြပါသတဲ့။ အဲဒီထဲမှာ အားတိုင်းယားတိုင်းခြေလက်မငြိမ်နိုင်ဖြစ်နေတဲ့
တစ်ယောက်က အားအားရှိတိုင်း သူ့မှာရှိတဲ့ ပယင်းကျောက်တုံးတစ်ခုကို သားမွေးပွအကျီနဲ့ပွတ်လေ့ရှိသတဲ့။
တစ်နေ့သူလည်း ပွတ်ပါ့များလို့ လက်ညောင်းတော့ ဘေးက စားပွဲခုံပေါ် ကျောက်တုံးကို တင်လိုက်တဲ့အခါ
အနီးနားက ငှက်မွေးတွေ အချို့အစအနှလေးတွေ ကျောက်တုံးကိုလာကပ်တာကို သူတွေ့သတဲ့။ ဒါနဲ့ဘဲ
ကိုမနေနိုင်က မှော်စရာဆန်ဆန် မျက်လှည့်အဖြစ် လူအများကို ပြစားတာပေါ့။ ဆက်စပ်မိလို့
ပုံပြင်ပြောတာပါ။ အတည်မမှတ်ပါနဲ့။ တကယ်ပြောရရင်တော့ ၁၈ ရာစုရှေ့ပိုင်းကာလတွေအထိတော့
လျှပ်စစ်က အသုံးဝင်မှုတစ်ခုဖြစ်တယ်ဆိုတာ မသိကြသေးဘဲ အိပ်စက်နေဆဲပါ။ ဘင်ဂျမင် ဖရန်ကလင်၊
လူဂီ ဂယ်ဗနီ၊ အလက်စဒရို ဗွို့တ်၊ အန်ဒရေး မာရီး အမ်ပီယာ၊ ဂျော့လ် အုမ်းစတဲ့ ရှေ့ဆောင်စူးစမ်းလေ့လာသူများကလည်း
လျှပ်စစ်ကို လေ့လာခဲ့ကြ နာမည်တွေ့ပေးခဲ့ကြပါတယ်။
လူတွေနဲ့ ဓာတ်လောကကြီးရဲ့ကြားက
ကူးလူးဆက်စပ်ချက်ဖြစ်တဲ့ လျှပ်စစ်ကိုတော့ သိပ္ပံပညာရှင်များကဘဲ နိုးထစေမဲ့နည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဓိကအကျဆုံးတွေ့ရှိမှု့ကတော့ လျှပ်စစ်နှင့် သံလိုက်စက်ကွင်းတို့ကြား ဆက်စပ်ချက်တွေပါ။
electric နှင့် magnetic ဆိုတဲ့အရာနှစ်ခုကို ပေါင်းစပ်နိုင်စွမ်းရှိလာတော့
electromagnetism လျှပ်စစ်သံလိုက်ပညာဆိုတာကဘဲ အခြေခံအကျဆုံးပညာရပ်ဖြစ်လာပါတယ်။
သိပ္ပံပညာရှင်များတွေ့ရှိခဲ့
နိုးထစေခဲ့တဲ့ လျှပ်စစ်ကဒီအတိုင်းရပ်မနေဘဲ သူ့အားလူတိုင်းအသိအမှတ်ပြုရစေတဲ့
essential ဆိုတဲ့နေရာထိပါ တက်လှမ်းလာခဲ့ပြီး ဒုတိယစက်မှုတော်လှန်ရေးရဲ့ပြယုဂ်တစ်ခုဖြစ်စေခဲ့တယ်၊
သတင်းအချက်အလက်နှင့် ဒီဂျစ်တယ် revolution ခေတ်ဆီပါ ရောက်လို့လာခဲ့ပါတယ်။
ကနဦးနေ့ခေတ်များဆီက
လျှပ်စစ်သည် လူသားနှင့် ခေတ်မှီလူမှုအဖွဲ့အစည်းတွင် အထင်တရှားမရှိခဲ့ပေမယ့် ၁၉ ရာစုအလယ်ပိုင်းလောက်မှာ
မိုက်ကယ်ဖာရာဒေး ဆိုသည့် သိပ္ပံပညာရှင်မှ လျှပ်စစ်နိယာမအများအပြားတွေ့ရှိခဲ့ယုံ မက လျှပ်စစ်ပစ္စည်းတော်တော်များများကိုလည်း
တီထွင်ခဲ့ပါတယ်။ (စကားချပ်- အက်ဒီစင်ရဲ့တီထွင်မှု့တို့၊ နယူတန်ရဲ့နိယာမတို့ဆိုတာလည်း
ရှိသေးတာပေါ့နော်)။ သူ့ရဲ့တီထွင်မှုတွေကြောင့် UK ရဲ့ဝန်ကြီးချုပ်ဖြစ်သူ ဝီလီယံ ဂလက်စတုန်း၏ အထင်တကြီးအားပေးမှု့ကိုတောင်
ရရှိခဲ့ပါတယ်။ တစ်ခါက ဂလက်စတုန်းကိုယ်တိုင်
ဖာရာဒေး၏ အလုပ်ရုံထဲရောက်လာပြီး “ဖာရာဒေး၊ လျှပ်စစ်ရဲ့လက်တွေ့ဆန်တဲ့ အသုံးဝင်မှု့က
ဘာလဲကွ” လို့ မေးပါသတဲ့၊ သိပ္ပံပညာရှင် ဖရာဒေးပြန်ဖြေခဲ့တဲ့ စကားကတော့ “ဘာမဆို ဖြစ်နိုင်ပါတယ်”
တဲ့။ နောက်ပြီး ဂလက်စတုန်းကို ပြုံးစေခဲ့တဲ့စကားတစ်ခွန်းလည်း ပြောလိုက်ပါတယ်။ “နောက်များကြရင်
ဒါနဲ့ပတ်သက်ပြီး ဆရာတို့ အခွန်အတုပ်တောင် ကောက်ရမည့် ကိန်းမြင်ပါသတဲ့”။ သိပ္ပံပညာရှင်ဆိုပေမယ့်
ရှေ့ဖြစ်ကိန်းတောင်ခန့်မှန်းပေးသွားတာ ယခု လက်တွေ့ဖြစ်နေပါပြီ။
ဒုတိယကမ္ဘာစစ်ပြီးတော့
လျှပ်စစ်အသုံးပြုမှုဟာ အလျင်အမြန်ကြီးကို နေရာတကာမှာ
တိုးတက်လို့လာပါတယ်။
စက်မှုကဏ္ဍမှာလည်း လျှပ်စစ်အသုံးပြုမှုအင်မတန်များပြားလွန်းတဲ့အတွက်
၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်အတွင်း မှာ ကျောက်မီးသွေးသုံးစက်ရုံအသစ်တွေ အများအပြားကို တည်ဆောက်လာခဲ့ရပါတယ်။
၁၉၇၀ ခုနှစ် မှာ နယူးကလီးယားသုံးစက်ရုံတောင် ပေါ်လာခဲ့ပါတယ်။ ၁၉၈၆ ခုနှစ် ဧပြီလမှာ ချာနိုဘိုင်းစက်ရုံ၊
၂ဝ၁၁ ခုနှစ်မတ်လမှာ ဖူကူရှီးမားစက်ရုံပေါက်ကွဲမှုတွေ ရှိခဲ့သည့်တိုင် လျှပ်စစ်အရေးပါမှုကိုတော့
လက်လွတ်မခံနိုင်ပါဘူး။ တစ်ချိန်တည်းမှာဘဲ သဘာဝဓာတ်ငွေ့အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည်လည်း
အရေးပါလာတယ်။
အလျင်အမြန်ကြီးတိုးတက်အသုံးပြုနေသော
လျှပ်စစ်အား ကမ္ဘာနှင့်အဝှမ်းတွင် ယှဉ်ဆိုင်နေရသည့် ပြသနာတစ်ခုတော့ ရှိပါတယ်။ ဘာလဲဆိုတော့
ထုတ်လုပ်ရေးအပိုင်း ဖြစ်ပါတယ်။ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဘာလုပ်မလဲ၊ ဘယ်လိုလုပ်မလဲနှင့် ဘယ်အချိန်မှာ ဘယ်လောက်ရှိရမလဲ
စတဲ့စတဲ့ အကြောင်းအရာများကတော့ ဖြေရှင်းစရာများဖြစ်နေပါတယ်။ ပြသနာတစ်ခုအား အဖြေရှာခြင်းသည်
နောက်ပြသနာတစ်ခုအားကြိုကြိုတင်တင်ရှာတွေ့ခြင်း လို့ဆိုပါတယ်။ တိုးတက်ထုတ်လုပ်ရလာမည့်
အကြောင်းအရာများအား လေ့လာသောအခါ
၁. ကမ္ဘာ့လူဦးရေတိုးတက်လာခြင်း
၂.
လူနေမှု့အဆင့်အတန်း မြင့်မားလာခြင်း
၃. ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ
၎. လျှပ်စစ်၏အရေးပါမှု့
တိုးတက်လာခြင်း
၅. ထုတ်သလောက်အလေအလွန့်နည်းနည်းသုံးနိုင်ရေး
Efficiency ပိုမိုတိုးတက်လိုအပ်ခြင်း တို့ဖြစ်ပါတယ်။
မင်းကိုအောင်
၁၂.ဝ၆.၂ဝ၁၆
ကိုးကား- မားကပ်စ် ဟိုတကိုင်နမ်၏
စွမ်းအင်ကမ္ဘာ